အမွေဘယ်ကရမလဲ

မွေးစားခံရသည့်ကလေးသည်
၎င်း၏မိရင်းဘရင်းထံမှ အမွေဆက်ခံခွင့်ဆုံးရှုံးပြီး
မွေးစားမိဘနှင့် မွေးစားမိဘ၏ ဆွေမျိုးများထံမှသာ
အမွေဆက်ခံခွင့်ရရှိမည်ဖြစ်သည်။

မွေးစားခံရသည့်ကလေးသည်
၎င်း၏မိရင်းဘရင်းထံမှ အမွေဆက်ခံခွင့်ဆုံးရှုံးပြီး
မွေးစားမိဘနှင့် မွေးစားမိဘ၏ ဆွေမျိုးများထံမှသာ
အမွေဆက်ခံခွင့်ရရှိမည်ဖြစ်သည်။

မူပိုင်ခွင့် ဥပဒေတွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း ဥပဒေ၊ တီထွင်မှု ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေဟူ၍ ဥပဒေ ၄ မျိုးရှိပါသည်။ ထိုမူပိုင်ခွင့်ဥပဒေများနှင့် သက်ဆိုင်သည့် တရားမမူလမှုများကို စစ်ဆေးစီရင်ရန်အတွက် ရန်ကုန်မြို့၊ ကျောက်တံတားခရိုင် တရားရုံးကိုသာ စီရင်ပိုင်ခွင့်အာဏာ ပေးအပ်ထားပါသည်။ ရာဇဝတ်မူလမှုများအတွက်ကိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ စသည်တို့ကို စီရင်ပိုင်ခွင့် ပေးအပ်ထားပါသည်။

၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံမှာ The Condominium Law ကို စတင် ပြဌာန်းခဲ့တယ်။ အဲဒီဥပဒေအရ ကွန်ဒိုတွေကို နိုင်ငံခြားသားတွေလည်း တရားဝင် ဝယ်ယူခွင့် ရရှိလာခဲ့တယ်။ ဒါပေမဲ့ ကန့်သန့်ချက်တော့ ရှိတယ်။ အဲဒီကန့်သန့်ချက်က အဆောက်အဦရဲ့ ၄၀ ရာခိုင်နှုန်းထက် မပိုသော ကွန်ဒိုတိုက်ခန်းများကိုသာ နိုင်ငံခြားသားတွေကို ရောင်းချခွင့် ပေးထားတယ်။ ဝယ်ယူသူတွေက ကွန်ဒိုတိုက်ခန်း လွှဲပြောင်းတဲ့ စာချုပ်စာတမ်းကို မှတ်ပုံတင်အရာရှိထံမှာ မှတ်ပုံတင်ခွင့် ရှိတဲ့အတွက် တရားဝင် အမည်ပေါက် ပိုင်ဆိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ ပြဌာန်းဥပဒေနဲ့အညီ ဆောက်လုပ်ထားတဲ့ ကွန်ဒိုဖြစ်ဖို့တော့ လိုအပ်တယ်။
အထပ်မြင့်ရုံ၊ အခန်းကျယ်ရုံ၊ ရေကူးကန်ပါရုံ၊ ဓာတ်လှေကားပါရုံ၊ ကားပါကင်ပါရုံတွေနဲ့တော့ ကွန်ဒိုအစစ် မဖြစ်ပါ။ ကွန်ဒိုအစစ်ဖြစ်ဖို့ဆိုရင် အဲဒီကွန်ဒိုဟာ စုပေါင်းပိုင်မြေအဖြစ် မှတ်ပုံတင်ထားတဲ့ မြေပေါ်မှာ ဆောက်လုပ်ထားရန် လိုအပ်တယ်။ ဒါ့အပြင် ကွန်ဒိုဆောက်လုပ်မယ့် မြေအကျယ်ဟာ အနည်းဆုံး စတုရန်းပေ ၂၀ဝ၀ဝ နှင့် အထက် ရှိရမယ်။ အခုချိန်အထိတော့ ရန်ကုန်မြို့မှာ ဥပဒေနဲ့အညီ ဆောက်လုပ်ထားသော ကွန်ဒိုမီနီယံဆိုတာ လက်ချိုးရေလို့ ရတဲ့ အရေအတွက်ပဲ ရှိပါသေးတယ်။

ဥပဒေရေးရာ ပြဿနာတွေက (case by case) သွားရတဲ့ ပြဿနာတွေ ဖြစ်တယ်။ လူတစ်ဦးနဲ့ တစ်ဦး အမှုချင်းတူရင်တောင် အမှုဖြစ်လာရတဲ့ အခြေခံ အကြောင်းရင်းတွေကတော့ ဘယ်လိုမှ ထပ်တူ မကျနိုင်ဘူး။ ဒီတော့ အမှုချင်း အတူတူ ဖြစ်နေပေမဲ့ အဖြေ (ပြစ်မှုဆိုရင် ပြစ်ဒဏ်၊ တရာမမှာဆိုရင် တောင်းဆိုတဲ့ သက်သာခွင့်) တွေ ကွဲပြားနိုင်ပါတယ်။
ဒါကြောင့် ဥပဒေရေးရာ ပြဿနာတွေကို ယေဘူယျ ဖော်ပြထားတဲ့ ဖော်ပြချက်တွေကို ဖတ်ပြီး၊ ဘယ်သူရဲ့ ရေးသားချက်အရ ဒီလိုအမှုမျိုးဆိုရင် ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုဖြစ်ရမယ် ဆိုပြီး လိုက်လုပ်နေရင်တော့ ငါးပါးမဟုတ်ဘူး၊ သံဃာစင်ပါ မှောက်ပါလိမ့်မယ်။ တကယ်လုပ်ရမှာက တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။ဆွေးနွေးခကတော့ ဆရာစိုင်းခမ်းလိတ် ရေးသားပြီး စိုင်းထီးဆိုင်သီဆိုထားတဲ့ ပလက်ဖောင်းမင်းသား သီချင်းထဲကလို “ကြိုက်တာရမယ်၊ သူ့တန်ရာ တန်ကြေး” သီချင်းစာသားလိုပါပဲ။ ကိုယ်အမှုအပ်တဲ့ သူက ကျွမ်းကျင်မှု မရှိရင်တော့ ဉာဏ်ပူဇော်ခ တစ်ခုပဲ ဆုံးရှုံးမှာ မဟုတ်ဘဲ၊ နောက်ဆက်တွဲ ဆုံးရှုံးမှုတွေပါ ရှိလာနိုင်ပါတယ်။
ခေါင်းစဉ်က အကြောင်းအရာကို ပြန်ကောက်ရရင် ကျန်းမာရေး လောကမှာ ဆရာဝန်က ဆရာဝန်ပါပဲ။ ကွမ်းယာဆိုင်က ဆေးစပ်ပြီး ရောင်းတဲ့သူဟာ ဘယ်တော့မှ ဆရာဝန် ဖြစ်လာမှာ မဟုတ်သလို၊ သူနာပြုတွေ လုပ်သက်ရင့်လာလို့လည်း ဆရာဝန် မဖြစ်ပါဘူး။ လူတွေဟာ သူ့ဆိုင်ရာ၊ ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် အလုပ်လုပ်ခွင့် ပေးထားတယ်။ ကျော်လွန် လုပ်ပိုင်ခွင့် မရှိ။ ဥပဒေရေးရာဘက်အပိုင်းကတော့ ဘာမှန်းကို မသိတော့ဘူး။ ငါးနှစ်သင်ကြားပြီးမှ ရခဲ့တဲ့ ဘွဲ့နဲ့ တန်းတူတဲ့ အဆင့်ကို တစ်နှစ်ထဲနဲ့လည်း ပေးလို့ပေးနဲ့၊ ဥပဒေလောကဟာ ကျန်းမာရေးလောကလို စည်းစနစ် မကျဘူး၊ လူတိုင်း ရှေ့နေဖြစ်ခွင့် ရှိနေသလိုပါပဲ။ အဆိုးဆုံးကတော့ ရှေ့နေမဟုတ်ပါဘဲနဲ့ ဥပဒေရေးရာတွေကို တတ်ယောင်ကားပြောပြီး ရှေ့နေတွေကို ဖောင်းထုချင်တဲ့ သူတွေကလည်း ရှိသေး။
အားလုံးပဲ မှန်ကန်တဲ့ ဥပဒေဆုံးဖြတ်မှုအောက်မှာ ရှင်သန်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အခု ပြောပြချင်တာကတော့ ဒီရက်ပိုင်း လာလာမေးနေကြတဲ့၊ အားလုံး သိချင်ကြတဲ့ သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဥပဒေ ပြဿနာတစ်ခုဖြစ်တဲ့ နှစ်ချုပ်၊ လချုပ်များဖြင့် ငှားရမ်းထားသည့် အိမ်ရှင်၊ အိမ်ငှားများ ကိစ္စပါ။ အိမ်ရှင်က မိမိ ငှားရမ်းထားတဲ့အိမ် သဘာဝဘေးကြောင့် ပျက်ဆီးသွားပြီ၊ အိမ်ငှားကလည်း မိမိ ငှားရမ်းနေထိုင်တဲ့အိမ် သဘာဝဘေးကြောင့် ပျက်ဆီးသွားပြီ၊ ကဲ … ဇာတ်လမ်းက ဘယ်လိုဆက်လုပ်ရမလဲ။ တကယ်တော့ ဘယ်လိုမှ ဆက်လုပ်လို့ မရတော့ပါဘူး။ ဥပဒေအရတော့
A contract to do an act which, after the contract is made, becomes impossible, or, by reason of some event which the promisor could not prevent, unlawful, becomes void when the act becomes impossible or unlawful.
ပဋိညာဉ်ပြုလုပ်ပြီးနောက် မဖြစ်နိုင်သော အခြေအနေသို့ ရောက်ရှိလျှင်သော်လည်းကောင်း၊ ကတိပြုသူက တားဆီးခြင်း မပြုနိုင်သည့် အကြောင်းကြောင့် ဥပဒေနှင့် မညီညွတ်ခြင်း ဖြစ်လာလျှင်သော် လည်းကောင်း၊ ပြုလုပ်မှုသည် မဖြစ်နိုင်သော အခြေနေသို့ ရောက်ရှိလျှင် ဖြစ်စေ၊ ဥပဒေနှင့် မညီညွတ်လာသည့် အခါ ဖြစ်စေ ပဋိညာဉ်သည် ပျက်ပြယ်သည်ဟု ပြဌာန်းထားပါသည်။
ဒါကြောင့် ပျက်ဆီးသွားတဲ့ အိမ်ဟာ အိမ်ငှားရဲ့ ပေါ့ဆမှု၊ ပျက်ကွက်မှုကြောင့် မဟုတ်ဘဲ၊ သဘာဝဘေးကြောင့် ပျက်ဆီးသွားရတာ ဖြစ်လို့ ၎င်းနဲ့ ပတ်သက်ဆက်နွယ်၍ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ပျက်ပြယ်သွားပြီ ဖြစ်တဲ့အတွက် အိမ်ငှားမှာ တာဝန် မရှိပါ။ ဒါ့အပြင် အိမ်ရှင်တွင်လည်း မည်သည့် တာဝန်မှ မရှိပါ။ ဒီအဖြေဟာ သဘာဝ ဘေးအန္တရာယ်အကြောင်း (Force Majeure Clause) ကို အိမ်ရှင်အိမ်ငှားစာချုပ်မှာ ထည့်သွင်းဖော်ပြ ချုပ်ဆိုမထားတဲ့ စာချုပ်တွေအတွက် အဖြေ ဖြစ်တယ်။ နိုင်ငံခြားသားတွေနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေမှာကျတော့ သဘာဝ ဘေးအန္တရာယ်အကြောင်း (Force Majeure Clause) ကို ထည့်သွင်းချုပ်ဆိုလေ့ ရှိကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံသားအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေမှာကျတော့ တွေ့ရလေ့ မရှိပါ။
မိတ်ဆွေတစ်ယောက်က သူ့ယောကျာ်းက ဆိုးသွမ်းကြောင်း လာရင်ဖွင့်တယ်။ အိမ်မှာရှိတဲ့ ပစ္စည်းတွေ ရောင်းစားပြီး သုံးဖြုန်းပစ်နေတာကို ယုံကြည် အပ်နှံ ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ ရလားတဲ့။ ပြောရရင်တော့ မြန်မာ့ဓလေ့ထုံးတမ်းများအရ မြန်မာဗုဒ္ဓဘာသာ လင်မယားတွေဟာ ပစ္စည်းနဲ့ ပတ်သက်ရင် အတူတူ ပိုင်ဆိုင်ကြတယ်။ အဲဒီအတူတူ ပိုင်ဆိုင်တဲ့ ပစ္စည်းကို လင်ကနေ မယားဆီသို့၊ မယားကနေ လင်ဆီသို့ ပေးထား၊ အပ်ထားတာကို ယုံကြည်အပ်နှံတာလို့ ပြောလို့မရ။ ဒီတော့ ယုံကြည်အပ်နှံမှုနဲ့ တရားစွဲဆိုလို့ မရ။
ဥပဒေအရတော့
ယုံကြည်အပ်နှံခြင်းဆိုသည်မှာ တစ်ဦးက တခြားတစ်ဦးအပေါ် စိတ်ချယုံကြည်သဖြင့် ပစ္စည်းအား လက်ရောက် ပေးအပ်ခဲ့ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ တရားစွဲခံရသူကလည်း ပစ္စည်း၏ ပူးတွဲ ပိုင်ရှင် ဖြစ်နေသော် ထိုပစ္စည်းကို သူတစ်ပါး၏ အပ်နှံခြင်းခံရသည်ဟု ဆိုနိုင်မည် မဟုတ်၍ ယုံကြည် အပ်နှံခြင်းကို ဖောက်ဖျက်မှုဖြင့် အရေးယူနိုင်မည် မဟုတ်ပေ။
လက်ဘက်ရည်ဆိုင်မှာ မိတ်ဆွေတစ်ယောက်နဲ့ ဆုံတော့ သူရဲ့ အမွေဆိုင်မြေအကြောင်းနဲ့ ပတ်သက်ပြီး တိုင်ပင်တယ်။ ဒီအတိုင်းပဲ ရောင်းသင့်ရမလား၊ ဒါမှမဟုတ် ကိုယ့်အမည်ပေါက် အရင်လုပ်ပြီးမှ ရောင်းရမှာလားတဲ့။ အကျိုးဆောင်တွေကတော့ ဒီအတိုင်းပဲ ရောင်းချဖို့ တိုက်တွန်းတယ်လို့ ပြောတယ်။ ဒီလိုဖြစ်ရပ်မှာ များသောအားဖြင့် နည်းလမ်း (၂) သွယ် ရှိတယ်။
ပထမနည်းကတော့ မိဘရဲ့အမွေဖြစ်တဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း (ဂရန်မြေ) ကို ဒီအတိုင်းပဲ ရောင်းမယ်ဆိုပါစို့။ ကိုယ်က ဝယ်မယ့်သူကို ရောင်းပြီးရင် ရုံးကိစ္စအဝ၀ကို လိုက်လံဆောင်ရွက်ပေးပါမယ်လို့ ကတိပြုရမယ်။ ပြီးတော့ မိဘတွေရဲ့ မြေကို သားသမီးတွေက အမွေဆက်ခံပိုင်ဆိုင်တယ်ဆိုတာ အရင်လုပ်ရမယ်။ ပြီးရင် ကိုယ့်အမည်ပေါက်အောင် လုပ်ရမယ်။ ရုံးကိစ္စတွေ မပြီးမချင်း ရောင်းချတဲ့တန်ဖိုးကို အပြည့်အဝ လက်ခံရရှိမှာတော့ မဟုတ်သလို၊ ရောင်းချစဉ်ကလည်း ရုံးလုပ်ငန်း အဆင့်များစွာ လုပ်ဆောင်စရာရှိလို့ ကာလတန်ဖိုးထက် လျော့နည်းစွာ ရရှိပါလိမ့်မယ်။ ဒါပေမဲ့ အကျိုးဆောင်တွေဘက်က ကြည့်ရင်လည်း ဈေးကွက်ပေါ် အရောင်းစာရင်းတစ်ခု တက်လာအောင် လုပ်တာဖြစ်လို့ သူတို့အကျိုးဆောင်စရာ အလုပ်တစ်ခု ပေါ်ထွက်လာစေမှာ ဖြစ်တယ်။
ဒုတိယနည်းကတော့ ရုံးကိစ္စအကုန် ဆောင်ရွက်ပြီးစီးပြီဖြစ်တဲ့အတွက် ဝယ်ယူမယ့်သူက အလုပ်မရှုပ်တဲ့အတွက် ကာလပေါက်ဈေးအတိုင်း ဈေးခေါ်နိုင်သလို၊ အရောင်းအဝယ် ဖြစ်မြောက်ပါက မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးရုံပဲ ရှိပါတယ်။ ဒီကိစ္စပြီးတာနဲ့ ရောင်းချတန်ဖိုးငွေကို အပြည့်အဝ ရရှိပါမယ်။
လုပ်ထုံးလုပ်နည်းအရ
စည်ပင်သာယာ လုပ်ထုံးလုပ်နည်းများအရ မိဘအမည်ပေါက် ပစ္စည်းကို ထိုမိဘကွယ်လွန်သွားလျှင် ကျန်ရစ်သည့် သားသမီးများက အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေငြာစာချုပ်ဖြင့် မိမိတို့၏အမည် ပြောင်းလဲပြီးမှ ထိုပစ္စည်းကို အရောင်းအဝယ် လုပ်ဆောင်ခွင့်ပြုပါသည်။ မည်သည့်နည်းလမ်းဖြင့် ရောင်းရောင်း၊ မိဘအမည်ပေါက် ပစ္စည်းကို ကျန်ရစ်သူ သားသမီးများ၏ အမည်ပေါက်အဖြစ်သို့ ဥပဒေအရ ပြောင်းလဲပြီးမှ အမွေပစ္စည်းသည် ကျန်ရစ်သူ သားသမီးများ၏ ပစ္စည်းအဖြစ်သို့ တရားဝင် ရောက်ရှိသွားမည် ဖြစ်ပါသည်။ ထိုအချိန်ကျမှ သားသမီးများသည် မိမိတို့ပစ္စည်းကို မိမိတို့ကြိုက်သလို စီမံခန့်ခွဲခွင့်ရှိမည် ဖြစ်ပါသည်။
ကုမ္ပဏီတွေလည်း လူလိုပဲ တရားတဘောင် ဖြစ်ကြတာရှိတယ်။ တရားလိုအဖြစ် တရားစွဲဆိုကြသလို၊ တရားပြိုင်အဖြစ် တရားစွဲ ခံရတာလည်း ရှိကြတယ်။ ဒီလိုဖြစ်စဉ်တွေမှာ ငါကတော့ ကုမ္ပဏီမှာ ဘာရာထူးမို့လို့ ဆိုပြီးတော့ တစ်ဦးတစ်ယောက်တည်း သဘောနဲ့ လုပ်လို့မရ။ ဥပဒေပြဌာန်းချက်ကတော့
မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ ကုမ္ပဏီတစ်ခု၏ အထွေထွေအရပ်ရပ် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု အာဏာသည် ဒါရိုက်တာအဖွဲ့တွင် ရှိနေပါသည်။ ထို့ကြောင့် ကုမ္ပဏီမှ ရရန်/ပေးရန် ရှိသည့် ငွေများကို ကုမ္ပဏီဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံဖြတ်ချက်ဖြင့် တာဝန်ပေးအပ်ချက်အရ ကုမ္ပဏီ၏ကိုယ်စား တစ်ဦးတစ်ယောက်က တရားရင်ဆိုင်ခြင်း မဟုတ်ဘဲ ကုမ္ပဏီဒါရိုက်တာတစ်ဦးဦးက ဖြစ်စေ၊ ကုမ္ပဏီမန်နေဂျာက ဖြစ်စေ မိမိသဘောဆန္ဒအရ အမှုရင်ဆိုင်ခွင့် မရှိပါ။
ပြီးခဲ့တဲ့ရက်က မိတ်ဆွေတစ်ယောက်က “ဒီလောက်တန်ဖိုးကြီးတဲ့ ပစ္စည်းကို လမ်းဘေးမှာ လေလံတင်ရောင်းချရတယ်လို့” ဆိုပြီး ဘဝင်မကျတဲ့ လေသံနဲ့ ပြောလာတယ်။ လေလံတင်ရောင်းချတဲ့အခါ သဘောသဘာဝအရ ပွင့်လင်းမြင်သာမှုရှိဖို့၊ လူအများ လာရောက် လေ့လာ ဝယ်ယူနိုင်တဲ့ နေရာဖြစ်ဖို့ လိုပါတယ်။ ဥပဒေအရတော့ …
တရားရုံးသည် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို လေလံတင်ရောင်းချရာတွင် တရားရှုံးအတွက် ပိုမိုအကျိုးဖြစ်ထွန်းမည်ဟု သဘောရလျှင် ဝရမ်းကပ်သည့် နေရာ၌လည်းကောင်း၊ ပစ္စည်းတည်ရှိရာ နေရာ၌သော်လည်းကောင်း ရောင်းချရန် သတ်မှတ်နိုင်သည်။
ရှေ့နေတစ်ဦးတစ်ယောက်သည် အမှုသည်တစ်ဦးအတွက် အကြံဉာဏ်ပေးခဲ့လျှင်ဖြစ်စေ၊ သို့မဟုတ် လိုက်ပါ ဆောင်ရွက်ခဲ့လျှင်ဖြစ်စေ၊ ၎င်းအနေနှင့် ယင်းအမှုသည်ထံမှ ရရှိခဲ့သည့် အချက်အလက်များကို သတိမပြုမိဘဲ သုံးစွဲကောင်းသုံးစွဲနိုင်လောက်သည်ဟု ထင်မြင်ဖွယ်ရှိလျှင်ပင် နောက်ပေါ်ပေါက်လာသည့် မှုခင်းတစ်ရပ်၌ ယင်းအမှုသည်အား ဆန့်ကျင်၍ လိုက်ပါဆောင်ရွက်ခြင်း မပြုသင့်ပေ။ ရှေ့နေလုပ်ငန်း ဆောင်ရွက်ရာမှ ယခင် အမှုသည်ထံမှ ရရှိခဲ့သည့် အချက်အလက်များကို ယင်းအမှုသည်အား ဆန့်ကျင်၍ သုံးစွဲကောင်း သုံးစွဲဖွယ်ရာ အရိပ်အယောင်ကိုပင် ရှောင်ကြဉ်ရမည်မှာ ရှေ့နေရှေ့ရပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူတို့၏ တာဝန်ဖြစ်သည်။