Search for:
မိဘရင်းချာဆိုပေမဲ့

“သားသမီးမှာ အချစ်၊ မြေးမှာ အနှစ်” ဆိုသလို တချို့ချမ်းသာတဲ့ အဖိုးအဖွားတွေက သူတို့ရဲ့မြေးတွေကို လက်ဆောင်ပစ္စည်းတွေ ပေးလေ့ရှိတယ်။ ပေးတဲ့အခါမှာတောင် “ဒါ ငါ့မြေးအတွက်၊ မင်းတို့ သားသမီးတွေနဲ့ မဆိုင်ဘူး” လို့ ပြောပြီး ပေးတတ်ကြတယ်။ တချို့အဖိုးအဖွားတွေ ပေးကြတဲ့ပစ္စည်းတွေထဲမှာ မရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းမျိုးတောင် ပါတယ်။ ဒီတော့ တချို့ကလေးတွေဆိုရင် အရွယ်မရောက်ခင်ကတည်းက မိဘထက်တောင် ပိုချမ်းသာကြတယ်။

ချမ်းသာသော သားသမီးများရဲ့ မိဘများအနေဖြင့် မိမိတို့ ငွေလိုအပ်တဲ့အခါ မိမိတို့ မွေးထားတဲ့ သားသမီးများရဲ့ ပိုင်ဆိုင်မှုကို အသုံးပြုပြီး ဖြေရှင်းလိုကြတယ်။ သားသမီးများရဲ့ ပိုင်ဆိုင်မှုကို မိဘများအနေဖြင့် ရောင်းချပြီး သုံးစွဲလို့ ရသလား။ ဥပဒေအရတော့

အရွယ်မရောက်သေးသူ သားသမီးများ၏ ပစ္စည်းများကို မိဘများက အုပ်ထိန်းသူအဖြစ်ဖြင့် ရောင်းချခွင့် မရှိ။ အကယ်၍ မိဘများသည် အရွယ်မရောက်သေးသည့် သားသမီးများ၏ ပစ္စည်းများကို ရောင်းချခြင်း၊ ပေါင်နှံခြင်းပြုလုပ်လိုပါ အရင်ဆုံး ထိုသို့ပြုလုပ်ခွင့်ရရန် တရားရုံးသို့ လျှောက်ထားရမည်ဖြစ်သည်။ အရွယ်မရောက်သေးသူ၏ ပစ္စည်းကို စီမံခန့်ခွဲ နိုင်သူသည် တရားရုံးက ခန့်အပ်ထားသော အုပ်ထိန်းသူသာ ဖြစ်သည်။

A&D Myanmar Legal Services

ကုမ္ပဏီပိုင်ရှင်လုပ်ရအောင်

မြန်မာနိုင်ငံမှာ ကုမ္ပဏီပိုင်ရှင်ဆိုရင် သူဌေးလို့ အများစုက ထင်မြင်တတ်ကြတယ်။ ဒါကလည်း ဇာတ်လမ်းတွေထဲမှာ ကုမ္ပဏီပိုင်ရှင်တွေကို ပိုက်ဆံချမ်းသာတဲ့ သူတွေအဖြစ် ပုံဖော်ခဲ့ကြလို့လည်း အများစုက ကုမ္ပဏီပိုင်ရှင်ဆိုရင် သူဌေးလို့ သတ်မှတ်ကြတာဖြစ်တယ်။ တကယ်တော့ ကုမ္ပဏီပိုင်ရှင်ဖြစ်ဖို့ ပိုက်ဆံချမ်းသာစရာ မလိုပါဘူး။ အခုချိန်မှာ လုပ်ငန်းလုပ်ဖို့ ကုမ္ပဏီထောင်ရတာ အရင်တုန်းကလို ခက်ခဲမှု မရှိတော့သလို၊ ပိုက်ဆံလည်း အများကြီး ရှိစရာ မလိုတော့ပါဘူး။ အချိန်လည်း အများကြီး စောင့်စရာ မလိုတော့ပါဘူး။

ကုမ္ပဏီအတွက် ရင်းနှီးငွေကို မည်၍မည်မျှ သတ်မှတ်ချက် မရှိလို့ ကိုယ်တတ်နိုင်တဲ့ ပမာဏနဲ့ စတည်ထောင်လို့ ရတယ်။ ဒါ့အပြင် ဘယ်သူမှ မပါဘဲ တစ်ဦးတစ်ယောက်တည်းနဲ့ ကုမ္ပဏီထောင်လို့ ရတယ်။ ဘာလို့တုန်းဆိုရင် ပြဌာန်းချက်က မြန်မာနိုင်ငံမှာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို အစုရှယ်ယာရှင်တစ်ဦးနဲ့ ဒါရိုက်တာအဖွဲ့ဝင် အနည်းဆုံးတစ်ဦးရှိရုံနဲ့ ဖွဲ့စည်းတည်ထောင်နိုင်တယ်။ ပိုင်ရှင်ဖြစ်တဲ့ လူပုဂ္ဂိုလ်တစ်ဦးတည်းက အစုရှယ်ယာရှင်အဖြစ်ရော၊ ဒါရိုက်တာအဖြစ်ပါ ရှိနေတာကြောင့် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနဲ့ ကုမ္ပဏီလုပ်ငန်းများ ဆောင်ရွက်သည့်အချိန်မှာ လုပ်ငန်းနှောင့်နှေးခြင်းနဲ့ သဘောထားကွဲလွဲချက်များကို သက်သာစေနိုင်မှာဖြစ်တယ်။

A&D Myanmar Legal Services

အလှူတော်ကြီး အောင်မြင်ဖို့

မြန်မာနိုင်ငံမှာ အလှူအတန်း လုပ်ကြတာကို အမြဲလို မြင်တွေ့နေရလေ့ရှိတယ်။ အမျိုးမျိုး လှူဒါန်းကြတဲ့အထဲမှာ
ဘာသာရေးနဲ့ ပတ်သက်ပြီး အလှူက ပိုများနေတာ တွေ့ရတယ်။ မွေးလာပြီးကတည်းက စလို့ မင်္ဂလာဆောင်တဲ့အခါမှာရော၊ သေဆုံးကြတဲ့အချိန်အခါအထိ အလှူအတန်းက ပြုလုပ်လေ့ရှိတယ်။

အလှူရေစက် လက်နဲ့မကွာ လှူကြတဲ့အခါ ကိုယ်တတ်နိုင်သမျှ လှူကြတာ တွေ့ရတယ်။ တချို့တတ်နိုင်တဲ့သူတွေဆိုရင် အိမ်ယာ၊ မြေ အစရှိသဖြင့်လည်း လှူကြတယ်။ လှူဒါန်းလို့ပြီးရင် ရေစက်ချ အမျှပေးဝေပြီးတော့ အလှူတော်ကြီးလည်း အောင်ပါပြီဆိုပြီး သီချင်းတောင် ဖွင့်လိုက်ကြသေးတယ်။ သာမန်ပစ္စည်းတွေကို ဘယ်လိုလှူလှူ ပြသနာမရှိပေမဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ရေစက်ချပြီး လှူဒါန်းရုံနဲ့ အလှူက အောင်မြင်စွာ ပြီးမြောက်ပါသလား။ ဥပဒေအရတော့

မရွှေ့ပြောင်းနိုင်သော ပစ္စည်းဖြစ်သည့် အိမ်ယာ၊ မြေ စသည်တို့ကို သာသနာတော်အတွက် ရည်စူး၍ လှူဒါန်းရာတွင် အလှူရှင်များသည် များသောအားဖြင့် ရေစက်သွန်းချ၍ လှူဒါန်းကြသည်ဖြစ်ရာ ဤကဲ့သို့သော လှူဒါန်းမှုများသည် ဥပဒေအရ တရားဝင်ခြင်း မရှိပေ။ ဥပဒေအရ တရားဝင် လှူဒါန်းမှုဖြစ်ရန်အတွက် လှူဒါန်းသည့်စာချုပ်ကို စာချုပ်စာတမ်းဥပဒေအရ မှတ်ပုံတင်ရန် လိုအပ်ပါသည်။

A&D Myanmar Legal Services

ရဟန်းဝတ်လို့ ဖခင်တာဝန် ပျောက်သွားသလား

သားသမီးဆိုတာ အမေဖြစ်သူက မွေးထားတာတွေ၊ အဖေဖြစ်သူက ဝမ်းနဲ့လွယ် မမွေးရလို့ဆိုပြီး လျစ်လျှူရှုလို့ ရမလား။ လူတွေ ပြောနေကျ ကိုယ်စိုက်ခဲ့တဲ့အပင် ကိုယ်ရိတ်သိမ်းရမယ် ဆိုတဲ့ စကားလို ကိုယ့်ကြောင့် လူလောကထဲ ရောက်လာတဲ့ သားသမီးတွေကို ကိုယ်ကိုယ်တိုင် တာဝန်ယူရမှာ၊ ထောက်ပံ့ပေးရမှာ ဖြစ်တယ်။ တာဝန်ယူထောက်ပံ့ရမှာ ကြောက်လို့ သာသနာ့ဘောင်ထဲ ဝင်ပြေးရင်ရော လွတ်မှာတဲ့လား။ ဥပဒေအရတော့

သားသမီးစရိတ်ကို တရားဝင်မယားမှ မွေးသည့် သားသမီးဖြစ်စေ၊ တရားမဝင်သည့်မယားမှ မွေးသည့် သားသမီးဖြစ်စေ ဖခင်ဖြစ်သူထံမှ ရခွင့်ရှိသည်။ သားသမီးတို့အား ထောက်ပံရန်တာဝန်ကို ဖခင်အား တရားဥပဒေက ပေးအပ်ထားသည်ဖြစ်ရာ ရဟန်းယောကျာ်းများပင်လျှင် အရွယ်မရောက်သေးသည့် သားသမီးများကို စားစရိတ်ပေးရန် တာဝန်ရှိသည်။

A&D Myanmar Legal Services

လက်သီးကြီးနဲ့ လာထိုးတာမို့လို့

“သူက ကျွန်တော့်ကို လက်သီးကြီးနဲ့ လာထိုးလို့ ကျွန်တော်က ဓားကလေးနဲ့ ပြန်ထိုးတာကို ကျွန်တော်က ထောင်ကျရတယ်” ဆိုပြီး လှတောရွာဘက်ရောက်စဉ်တုန်းက ရယ်စရာအဖြစ် ပြောတာကို ကြားခဲ့ဖူးတယ်။ တကယ်ရော လက်သီးအကြီးကြီးနဲ့ လာထိုးတာကို ဓားကလေးနဲ့ ခုခံပိုင်ခွင့် ရှိရဲ့သလား။ ဥပဒေအရတော့

ကာကွယ်ခုခံပိုင်ခွင့်အရ ပြုသောပြုလုပ်မှုသည် ပြစ်မှုမမြောက်ဟုဆိုသော်လည်း လက်သီးဖြင့်ထိုးသူကို ထင်းချောင်းဖြင့်ပြန်ရိုက်ခြင်းသည် ကာကွယ်ခုခံပိုင်ခွင့်ကို လိုအပ်သည်ထက် ပိုမိုပြုလုပ်ခြင်းဖြစ်သည်။ သည့်အပြင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ခိုက်ရန်ဖြစ်ပွားရာတွင် ကာကွယ်ခုခံပိုင်ခွင့် မရှိပါ။

A&D Myanmar Legal Services

ကိစ္စတိုင်းကို တရားစွဲချင်လား

အမှုအခင်းဆိုတာ မဖြစ်ရင် ကောင်းတယ်။ တရားရုံး မရောက်မီ ပြေလည်အောင် ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ တခါတလေကျတော့ မခံချင်စိတ်၊ ဒေါသစိတ်တွေကြောင့် ပြေလည်မှု မရဘဲ တရားရုံး ရောက်သွားတဲ့အခါကျရင် အမှုကိစ္စကြောင့် အချိန်ကုန်တယ်၊ ငွေကုန်တယ်၊ အလုပ်ရှုပ်တယ်၊ စိတ်ရှုပ်ရတယ်။ ဆက်ပြောရရင် တရားမမှုတွေဆိုရင် ပြီးကိုမပြီးနိုင်ဘဲ နှစ်နဲ့ချီ ကြာလေ့ရှိတယ်။ ပုံထဲကလို တရားရုံးတင်ရတဲ့ စာရွက်စာတမ်းတွေကိုက အများကြီး။

A&D Myanmar Legal Services

အမှန်ကတော့ မှားနေတယ်

ရှေ့နေနဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ပုဒ် ပြောပြမယ်နော်။

တစ်နေ့မှာ ရှေ့နေကြီးတစ်ယောက်ဟာ သူ့ရဲ့လူငယ်လက်ထောက်ကို မေးခွန်းတစ်ခု မေးလိုက်တယ်။
“ငါ့ကို ပြောပြစမ်း၊ တရားရုံးမှာ ငါတို့ရဲ့အမှုကို ဘယ်လိုကာကွယ်မလဲ”

လူငယ်လက်ထောက်က အတွေးနဲ့ဖြေလိုက်တယ်၊
“ဆရာကြီးရေ၊ ကျွန်တော်တို့က မှန်တာကို ကာကွယ်ရမှာပေါ့။”

ရှေ့နေကြီးက ပြုံးပြီး ပြောလိုက်တယ်၊
“ဟုတ်ပြီ၊ ဒါပေမယ့် မှန်တာကို ကာကွယ်ဖို့ထက် မှားတာကို ကာကွယ်တတ်ဖို့က ပိုအရေးကြီးတယ်။”

လူငယ်လက်ထောက်က အံ့သြသွားပြီး မေးလိုက်တယ်၊
“ဘာကြောင့်ပါလဲ ဆရာကြီးရယ်?”

ရှေ့နေကြီးက ရယ်ပြီး ဖြေလိုက်တယ်၊
“ဘာလို့လဲဆိုတော့… မှားတာတွေက ပိုများလို့ပဲ။”

ဟားဟား၊ ဒီလောက်ဆို ရှေ့နေတွေရဲ့ လောကကြီးကို နည်းနည်းလေး ရိပ်မိမယ်ထင်ပါတယ်။

A&D Myanmar Legal Services

ဒီလိုမှန်းသိရင် အဖော်တွေခေါ်လာပါတယ်

ကိုယ်က လူတစ်ယောက်ကို ထိုးကြိတ်လို့ပဲ ဖြစ်ဖြစ်၊ လက်နက်တစ်ခုခုနဲ့ပဲဖြစ်ဖြစ် တိုက်ခိုက်လိုက်လို့ သေသွားရင် လူသတ်မှုနဲ့ အရေးယူခံရနိုင်ပါတယ်။ ဒါပေမဲ့ အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်လို့ အတိုက်ခိုက်ခံရတဲ့သူ သေသွားတဲ့ အမှုမျိုးမှာ ကျူးလွန်ခဲ့သူတွေ ဘယ်သူမှ လူသတ်မှုနဲ့ အရေးယူမခံရတော့ သာမန်ပြည်သူတွေအနေနဲ့ နားမလည်နိုင်ဘူး ဖြစ်ရတယ်။ ဥပဒေကြောင်းအရတော့

တစ်ဦးထက်ပိုသော တရားခံများက တစ်ခုထက်ပိုသော ဒဏ်ရာများကို ရရှိစေခဲ့သည့်အမှုတွင် သေလောက်သော ဒဏ်ရာကို မည်သူပြုလုပ်ခဲ့သည်ဟု တစ်ထစ်ချ ယူဆခြင်း မပြုနိုင်လျှင် တရားခံများအား သံသယအကျိုးခံစားခွင့်ပြုပြီး လက်နက်ကိုလိုက်၍ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့မဟုတ် မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှု အရ အပြစ်ပေးသင့်သည်ဟု စီရင်ထုံးများက ထုံးဖွဲ့ထားပါသည်။

ပြောရရင်တော့ အသတ်ခံရသူကို အားလုံးက ဝိုင်းဝန်း ထိုးကြိတ်ကြတဲ့အခါမျိုး၊ တုတ်နဲ့ ဝိုင်းရိုက်ကြတဲ့အခါမျိုး၊ ဓားနဲ့ ဝိုင်းခုတ်ကြတဲ့အခါမျိုးမှာ ဘယ်သူ့ရဲ့ ထိုးကြိတ်မှု၊ ရိုက်နှက်မှု၊ ခုတ်ထစ်မှုကြောင့် သေဆုံးရတယ်ဆိုတာကို ဆုံးဖြတ်လို့ မရရင် ကျူးလွန်ခဲ့တဲ့ သူတွေဟာ လူသတ်မှုနဲ့ အပြစ်မပေးခံရဘဲ အပြင်းအထန်နာကျင်စေမှုနဲ့ အပြစ်ပေးခံရပါတယ်။

A&D Myanmar Legal Services

သေခါနီးမှ ပေးလို့ရလား

သေခါနီးဆဲဆဲပေးကမ်းခြင်းသည် စင်စစ်ပေးသူသည် ၎င်း သေဆုံးသွားသောအခါမှ ပေးရန် ရည်ရွယ်၍ ပြုလုပ်သည်ဟု မှတ်ယူကြရမည်ဖြစ်ရာ သေတမ်းစာပြုလုပ်သည့် နည်းလမ်းတစ်ခုပင် ဖြစ်နေသည်။ မြန်မာဗုဒ္ဓဘာသာများ၌ သေတမ်းစာပြုလုပ်၍ ခွဲဝေခွင့် မရှိသောကြောင့် အကယ်၍ သေခါနီးဆဲဆဲ၌ ပေးကမ်းခြင်းကို အသိအမှတ်ပြုခဲ့လျှင် မိမိတို့လူမျိုး၏ တရားဥပဒေ သို့မဟုတ် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကို ချိုးဖောက်ခွင့်ပြုရာ ရောက်ပေသည်ဟု ပြဆိုထားသည်။ ထို့ကြောင့် မြန်မာဗုဒ္ဓဘာသာဝင်များအဖို့ သေခါနီးဆဲဆဲ ပေးကမ်းခြင်းသည် တရားမဝင်ဟု ဆိုရပေမည်။

A&D Myanmar Legal Services

နိုင်ငံရပ်ခြားမှ ကိုယ်စားလှယ်လွှဲစာပြုလုပ်ခြင်း

မိမိအနေဖြင့် တိုင်းတစ်ပါးမှာ ရောက်နေသည့်အခါ မိမိ၏ကိစ္စတွေကို အခြားသောသူက မိမိ၏ကိုယ်စား ဆောင်ရွက်ပေးရန်အတွက် နိုင်ငံခြားမှနေ၍ ကိုယ်စားလှယ်လွှဲစာ ပြုလုပ်လိုလျှင် အောက်ပါအတိုင်း ပြုလုပ်ရမည်။

နိုင်ငံခြားတိုင်းပြည်တွင် ကိုယ်စားလှယ်လွှဲစာကို ဖြစ်စေ၊ အခြားစာမှတ်စာတမ်း တစ်စုံတစ်ရာကို ဖြစ်စေ ပြုလုပ်လိုလျှင် သက်ဆိုင်ရာနိုင်ငံရှိ နိုတြီပဗ္ဗလစ်သည် ၎င်းရှေ့တွင် ပြုလုပ်ခြင်းမှန်ကြောင်း လက်မှတ်ရေးထိုးပြီး၊ ယင်းလက်မှတ် ရေးထိုးသူ နိုတြီပဗ္ဗလစ်သည် သက်ဆိုင်ရာနိုင်ငံက ဥပဒေအရ ခန့်ထားသည့် နိုတြီပဗ္ဗလစ် ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် သံရုံးအရာရှိ သို့မဟုတ် ကောင်စစ်ဝန်က ထပ်ဆင့်လက်မှတ် ရေးထိုးအတည်ပြုရန် လိုအပ်သည်။

A&D Myanmar Legal Services