
ပြီးခဲ့တဲ့ရက်ပိုင်းက အထက်တန်းကျောင်းသားလေး ကျောင်းသွားပြီး၊ ကျောင်းမရောက်၊ အိမ်ပြန်မရောက်ဘဲ ပျောက်သွားတဲ့ သတင်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တယ်။ ဖတ်မိသူ အပေါင်းလည်း စိတ်ပူကြရတယ်။ နောက်တော့ အိမ်ပြန်ရောက်လာပြီဆိုတဲ့ သတင်း ဖတ်ရတော့မှ စိတ်ပူပေးကြတဲ့သူတွေ စိတ်အေးကြရတော့တယ်။ အဖေဖြစ်သူက ဖုန်းသိမ်းတာကို စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားတာတဲ့။
ဒီအဖြစ်အပျက်ကြောင့် မိဘကို စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းလာတဲ့ ကလေး ကိုယ့်ဆီရောက်လာလို့ လက်ခံထားရင် ပြစ်မှုမြောက်သလား ဆိုတဲ့ မေးခွန်းတွေ မေးလာကြတယ်။ ကလေးမိဘတွေအနေနဲ့ ကလေးလက်ခံထိန်းသိမ်းထားတဲ့ သူကို သွေးဆောင်ဖြားယောင်းမှုနဲ့ တရားစွဲဆိုနိုင်သလား။
အရွယ်မရောက်သေးတဲ့ ကလေးကို မိဘတွေ မသိအောင် ကိုယ့်အိမ်မှာ လက်ခံထားရင် သွေးဆောင်ဖြားယောင်းမှု မြောက်ပါတယ်။ ဒါပေမဲ့ ကလေးက သူ့မိဘတွေကို ကိုယ်က အသိပေး အကြောင်းကြားရင် အန္တရာယ် ရှိတဲ့အရပ်တွေဆီ ထွက်သွားမှာစိုးလို့ အကြောင်းမကြားတဲ့အကြောင်း ပေါ်လွင်အောင် သက်သေပြနိုင်ရင်တော့ သွေးဆောင်ဖြားယောင်းမှု မမြောက်ပါ။
ဥပဒေမှာ ဖော်ပြထားတာကတော့
အသက်ဆယ့်လေးနှစ်အောက် ယောက်ျားကလေးတစ်ဦးဦးကိုဖြစ်စေ၊ အသက်ဆယ့်ရှစ်နှစ်အောက် မိန်းကလေးတစ်ဦးဦးကိုဖြစ်စေ၊ အုပ်ထိန်းသူက သဘောမတူဘဲဆောင်ယူလျှင် သို့မဟုတ် သွေးဆောင်ဖြားယောင်းခြင်းအားဖြင့် ထွက်သွားစေလျှင် ထိုအရွယ်မရောက်သေးသူကို ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ လူကိုခိုးယူသည်မည်၏ဟု ရာဇသတ်ကြီးတွင်ပြဌာန်းထားပါသည်။
အရွယ်မရောက်သေးသောကလေးသည် လမ်း၌ တရားခံနှင့်တွေ့၍ မိမိအလိုအလျောက် တရားခံနောက်သို့ လိုက်သွားခြင်းသည်လည်း အုပ်ထိန်းသူ၏ အုပ်ထိန်းမှုအောက်မှ အုပ်ထိန်းသူ သဘောမတူဘဲ ဆောင်ယူခြင်းဖြစ်သည်ဟု စီရင်ထုံးများက ဆုံးဖြတ်ထားပါသည်။ သို့သော် အုပ်ထိန်းသူက သဘောတူခွင့်ပြုလျှင်တော့ ပြစ်မှုမမြောက်ပေဟု စီရင်ထုံးများကဆုံးဖြတ်ထားပြန်ပါသည်။
A&D Myanmar Legal Services