What are intellectual property and the intellectual property right?

ဦးနှောက် အသိဉာဏ်များကိုသုံး၍ တီထွင်ဖန်တီးထုတ်လုပ်လိုက်သော အရာမှန်သမျှကို ပိုင်ဆိုင်ခွင့်အား ဉာဏပစ္စည်း မူပိုင်ခွင့်ဟု ခေါ်ဆိုပါသည်။ ဉာဏပစ္စည်းမူပိုင်ခွင့်တွင် စက်မှုပိုင်း တီထွင်ဖန်တီး ထုတ်လုပ်ထားမှုများ၊ စာပေနှင့်အနုပညာရပ်များ၊ အထိမ်းအမှတ် သင်္ကေတများ၊ အမည်နာမများ၊ ကုန်သွယ်ရေးလုပ်ငန်း ရုပ်ပုံများ အားလုံးပါဝင်သည်။ ဉာဏပစ္စည်း မူပိုင်ခွင့်ကို အဓိက နှစ်မျိုး ခွဲခြားထားပါသည်။ ၎င်းတို့မှာ စက်မှုလုပ်ငန်းဆိုင်ရာ ပစ္စည်းများနှင့် စာပေနှင့်အနုပညာလက်ရာများတို့ ဖြစ်ကြပါသည်။ စက်မှုလုပ်ငန်းဆိုင်ရာပစ္စည်း ဆိုသည်မှာ စက်မှု တီထွင်ဆန်းသစ် ထုတ်လုပ်ထားမှုများ၊ ကုန်သွယ်မှု အမှတ်တံဆိပ်များ၊ စက်မှု ပုံစံဒီဇိုင်းများ၊ ပထဝီအညွှန်း ဖော်ပြထားခြင်းတို့ ပါဝင်ပါသည်။ စာပေနှင့်အနုပညာ လက်ရာများ ဆိုသည်မှာ အနုပညာလက်ရာများကို ဆိုလိုခြင်း ဖြစ်ပါသည်။
ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုသည်မှာ လူ့စိတ်ကူး ဦးနှောက်အတွေးအခေါ်မှ ဖန်တီးလာသော တီထွင်ဖန်တီးမှုများကို ဥပဒေအရ ကာကွယ်ပေးတဲ့ အခွင့်အရေးများ ဖြစ်ပါသည်။ မူပိုင်ခွင့်ရှိသူက သူ့ရဲ့ဖန်တီးမှုကို အသုံးပြုခွင့်၊ ရောင်းခွင့်၊ ငှားခွင့်၊ မိတ္တူပွားခွင့် စသည့် လုပ်ပိုင်ခွင့်များ ရှိပါသည်။ သို့ပေမဲ့ တီထွင်ဖန်တီးမှုများကို မှတ်ပုံတင်ထားရန်တော့ လိုအပ်ပါသည်။
ယခုအခါ မြန်မာနိုင်ငံတွင်လည်း IP ဥပဒေများသည် အာဏာသက်ဝင်နေပြီ ဖြစ်သည့်အတွက် စက်မှု တီထွင်ဆန်းသစ် ထုတ်လုပ်ထားမှုများကို တီထွင်မှု မူပိုင်ခွင့်ဥပဒေအရ လည်းကောင်း၊ ကုန်သွယ်မှု အမှတ်တံဆိပ်များကို ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေအရ လည်းကောင်း၊ စက်မှု ပုံစံဒီဇိုင်းများကို စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ လည်းကောင်း၊ စာပေနှင့်အနုပညာ လက်ရာများကို စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေအရ လည်းကောင်း၊ ပထဝီအညွှန်းများကို ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ လည်းကောင်း၊ မှတ်ပုံတင်နိုင်ပြီ ဖြစ်ပါသည်။
A&D Myanmar Legal Services
