ရဟန်းဘဝနဲ့ မိဘရဲ့အမွေကို တောင်းပိုင်ခွင့် ရှိမရှိ
မိဘများ ကွယ်လွန်ချိန်မှာ အမွေဆိုတဲ့ ကိစ္စရပ်က ပေါ်ပေါက်လာပြီ။ အဲဒီအချိန်မှာ ကိုယ်က ရဟန်းဘဝနဲ့ ဖြစ်နေတယ်။ ဒီအမွေကို ရဟန်းဝတ်နဲ့ တောင်းပိုင်ခွင့် ရှိသလား။ တကယ်တော့ ရဟန်းဝတ်ဖြင့် အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု စွဲဆိုမယ်ဆိုရင် မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် ညီညွတ်မှု မရှိ။ ထာဝရ ရဟန်းဝတ်ရန် မရည်ရွယ်ဘဲ ဒုလ္လဘရဟန်းဝတ်နေတဲ့ အချိန်မို့လို့ ရဟန်းဘဝဖြင့် အမွေပုံ စီမံခန့်ခွဲပေးစေရန် စွဲဆိုရတာပါဆိုပြီး အကြောင်းပြမယ်ဆိုရင်လည်း သင့်မြတ်မှု မရှိသကဲ့သို့ လက်ခံထိုက်သည်လည်း မဟုတ်ချေ။
ခေတ္တရဟန်းဝတ်ခြင်းဖြစ်တယ် ဆိုရင်လည်း ရဟန်းဘဝဖြင့် ရှိနေစဉ်အတွင်း ဝိနည်းတော်နှင့်အညီသာ ကျင့်ကြံနေထိုင်ရမှာ ဖြစ်တယ်။။ တကယ်လို့ အမှုစွဲဆိုမယ်ဆိုပါက သာသနာ့ဘောင်မှ လူ့ဘောင်သို့ ပြန်လည် ဝင်ရောက်ပြီးမှသာ စွဲဆိုသင့်တယ်။ ရဟန်းတော်နှင့် လူပုဂ္ဂိုလ်တို့ အမွေပစ္စည်းနှင့်စပ်လျဉ်း၍ အမှုဆိုင်ပြိုင်မှု ပြုခြင်းက မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် ကိုက်ညီအပ်စပ်တယ်လို့ မဆိုသာချေ။
