ကုမ္ပဏီပိုင်ရှင်လုပ်ရအောင်

မြန်မာနိုင်ငံမှာ ကုမ္ပဏီပိုင်ရှင်ဆိုရင် သူဌေးလို့ အများစုက ထင်မြင်တတ်ကြတယ်။ ဒါကလည်း ဇာတ်လမ်းတွေထဲမှာ ကုမ္ပဏီပိုင်ရှင်တွေကို ပိုက်ဆံချမ်းသာတဲ့ သူတွေအဖြစ် ပုံဖော်ခဲ့ကြလို့လည်း အများစုက ကုမ္ပဏီပိုင်ရှင်ဆိုရင် သူဌေးလို့ သတ်မှတ်ကြတာဖြစ်တယ်။ တကယ်တော့ ကုမ္ပဏီပိုင်ရှင်ဖြစ်ဖို့ ပိုက်ဆံချမ်းသာစရာ မလိုပါဘူး။ အခုချိန်မှာ လုပ်ငန်းလုပ်ဖို့ ကုမ္ပဏီထောင်ရတာ အရင်တုန်းကလို ခက်ခဲမှု မရှိတော့သလို၊ ပိုက်ဆံလည်း အများကြီး ရှိစရာ မလိုတော့ပါဘူး။ အချိန်လည်း အများကြီး စောင့်စရာ မလိုတော့ပါဘူး။

ကုမ္ပဏီအတွက် ရင်းနှီးငွေကို မည်၍မည်မျှ သတ်မှတ်ချက် မရှိလို့ ကိုယ်တတ်နိုင်တဲ့ ပမာဏနဲ့ စတည်ထောင်လို့ ရတယ်။ ဒါ့အပြင် ဘယ်သူမှ မပါဘဲ တစ်ဦးတစ်ယောက်တည်းနဲ့ ကုမ္ပဏီထောင်လို့ ရတယ်။ ဘာလို့တုန်းဆိုရင် ပြဌာန်းချက်က မြန်မာနိုင်ငံမှာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို အစုရှယ်ယာရှင်တစ်ဦးနဲ့ ဒါရိုက်တာအဖွဲ့ဝင် အနည်းဆုံးတစ်ဦးရှိရုံနဲ့ ဖွဲ့စည်းတည်ထောင်နိုင်တယ်။ ပိုင်ရှင်ဖြစ်တဲ့ လူပုဂ္ဂိုလ်တစ်ဦးတည်းက အစုရှယ်ယာရှင်အဖြစ်ရော၊ ဒါရိုက်တာအဖြစ်ပါ ရှိနေတာကြောင့် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနဲ့ ကုမ္ပဏီလုပ်ငန်းများ ဆောင်ရွက်သည့်အချိန်မှာ လုပ်ငန်းနှောင့်နှေးခြင်းနဲ့ သဘောထားကွဲလွဲချက်များကို သက်သာစေနိုင်မှာဖြစ်တယ်။