ဆရာဝန်တွေကို အားကျတယ်
ဥပဒေရေးရာ ပြဿနာတွေက (case by case) သွားရတဲ့ ပြဿနာတွေ ဖြစ်တယ်။ လူတစ်ဦးနဲ့ တစ်ဦး အမှုချင်းတူရင်တောင် အမှုဖြစ်လာရတဲ့ အခြေခံ အကြောင်းရင်းတွေကတော့ ဘယ်လိုမှ ထပ်တူ မကျနိုင်ဘူး။ ဒီတော့ အမှုချင်း အတူတူ ဖြစ်နေပေမဲ့ အဖြေ (ပြစ်မှုဆိုရင် ပြစ်ဒဏ်၊ တရာမမှာဆိုရင် တောင်းဆိုတဲ့ သက်သာခွင့်) တွေ ကွဲပြားနိုင်ပါတယ်။
ဒါကြောင့် ဥပဒေရေးရာ ပြဿနာတွေကို ယေဘူယျ ဖော်ပြထားတဲ့ ဖော်ပြချက်တွေကို ဖတ်ပြီး၊ ဘယ်သူရဲ့ ရေးသားချက်အရ ဒီလိုအမှုမျိုးဆိုရင် ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုဖြစ်ရမယ် ဆိုပြီး လိုက်လုပ်နေရင်တော့ ငါးပါးမဟုတ်ဘူး၊ သံဃာစင်ပါ မှောက်ပါလိမ့်မယ်။ တကယ်လုပ်ရမှာက တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။ဆွေးနွေးခကတော့ ဆရာစိုင်းခမ်းလိတ် ရေးသားပြီး စိုင်းထီးဆိုင်သီဆိုထားတဲ့ ပလက်ဖောင်းမင်းသား သီချင်းထဲကလို “ကြိုက်တာရမယ်၊ သူ့တန်ရာ တန်ကြေး” သီချင်းစာသားလိုပါပဲ။ ကိုယ်အမှုအပ်တဲ့ သူက ကျွမ်းကျင်မှု မရှိရင်တော့ ဉာဏ်ပူဇော်ခ တစ်ခုပဲ ဆုံးရှုံးမှာ မဟုတ်ဘဲ၊ နောက်ဆက်တွဲ ဆုံးရှုံးမှုတွေပါ ရှိလာနိုင်ပါတယ်။
ခေါင်းစဉ်က အကြောင်းအရာကို ပြန်ကောက်ရရင် ကျန်းမာရေး လောကမှာ ဆရာဝန်က ဆရာဝန်ပါပဲ။ ကွမ်းယာဆိုင်က ဆေးစပ်ပြီး ရောင်းတဲ့သူဟာ ဘယ်တော့မှ ဆရာဝန် ဖြစ်လာမှာ မဟုတ်သလို၊ သူနာပြုတွေ လုပ်သက်ရင့်လာလို့လည်း ဆရာဝန် မဖြစ်ပါဘူး။ လူတွေဟာ သူ့ဆိုင်ရာ၊ ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် အလုပ်လုပ်ခွင့် ပေးထားတယ်။ ကျော်လွန် လုပ်ပိုင်ခွင့် မရှိ။ ဥပဒေရေးရာဘက်အပိုင်းကတော့ ဘာမှန်းကို မသိတော့ဘူး။ ငါးနှစ်သင်ကြားပြီးမှ ရခဲ့တဲ့ ဘွဲ့နဲ့ တန်းတူတဲ့ အဆင့်ကို တစ်နှစ်ထဲနဲ့လည်း ပေးလို့ပေးနဲ့၊ ဥပဒေလောကဟာ ကျန်းမာရေးလောကလို စည်းစနစ် မကျဘူး၊ လူတိုင်း ရှေ့နေဖြစ်ခွင့် ရှိနေသလိုပါပဲ။ အဆိုးဆုံးကတော့ ရှေ့နေမဟုတ်ပါဘဲနဲ့ ဥပဒေရေးရာတွေကို တတ်ယောင်ကားပြောပြီး ရှေ့နေတွေကို ဖောင်းထုချင်တဲ့ သူတွေကလည်း ရှိသေး။
အားလုံးပဲ မှန်ကန်တဲ့ ဥပဒေဆုံးဖြတ်မှုအောက်မှာ ရှင်သန်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
