နောင်ပြင်ရန် ခက်သည့်အမျိုး
မြန်မာတွေအဖို့ အိမ်ထောင်ပြုရတာ အလွန်တရာမှ လွယ်ကူတယ်။ ယောက်ျားနဲ့ မိန်းမ အတူပေါင်းသင်းနေထိုင်တာကို အိမ်နီးနားချင်း ပတ်ဝန်းကျင်က သိရင်ကို လင်မယားအရာမြောက်တယ်။ “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်၊ နောင်ပြင်ရန် ခက်သည့်အမျိုး” ဆိုတဲ့ မြန်မာစကားပုံ အရ လင်မယားဖြစ်ပြီးမှ တစ်ယောက်နဲ့ တစ်ယောက် ကွာရှင်းချင်ရင်တော့ အင်မတန်မှ ခက်တယ်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယား ကွာရှင်းဖို့အတွက် အောက်ပါအချက် ၆ ချက်ထဲက တစ်ချက်ချက်နဲ့ ငြိမှ ကွာရှင်းလို့ ရတယ်။
(၁) နှစ်ဦးသဘောတူကွာရှင်းခြင်း
(၂) လင်ဖြစ်သူ ရဟန်းပြုခြင်း
(၃) ရက်စက်မှု ကျူးလွန်ခြင်း
(၄) လင်၏ ဖောက်ပြန်မှု
(၅) စွန့်ပစ်မှု
(၆) လီဆယ်မှု
နှစ်ဦးသဘောတူ ကွာရှင်းတာက ဘာပြသနာမှ မရှိသလို၊ သာသနာ့ဘောင်ထဲ အပြီး ဝင်သွားတဲ့သူနဲ့ ကွာရှင်းရတာလည်း အခက်အခဲ မရှိပါဘူး။ ဒါပေမဲ့ ကျန် (၄) ချက်မှာတော့ တစ်ဦးဦးက မကွာရှင်းပေးလိုရင် ကွာရှင်းခွင့် ရဖို့ ခက်ခဲပါတယ်။ ကွာရှင်းလိုသူက ကွာရှင်းခံရမယ့်လူရဲ့ ရက်စက်မှု ကျူးလွန်ကြောင်း၊ ဖောက်ပြန်တဲ့အကြောင်း၊ စွန့်ပစ်ထားပါတယ်ဆိုတဲ့အကြောင်း၊ လီဆယ်ပြီး စွပ်စွဲပြောဆိုတဲ့အကြောင်းတွေကို ပေါ်လွင်ထင်ရှားအောင် တရားရုံးမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။
